မျိုးသုဥ်းလုနီးပါး အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်မျိုးစိတ်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (Convention on International Trade in Endangered Species of Wild Fauna and Flora – CITES) စာရင်းဝင် ကုန်စည်ပေးပို့ ခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသိပေးစာကို အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (National Parks Board) က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအသိပေးစာသည် CITES စာရင်းဝင်မျိုးစိတ်များ ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။ CITES သည် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကို ကုန်သွယ်မှုပြုလုပ်ခြင်းကြောင့် ယင်းမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေးသဘောတူစာချုပ် ဖြစ်ပါသည်။ CITES စာရင်းဝင်မျိုးစိတ်များ နိုင်ငံတစ်နိုင်ငံသို့ ဝင်ရောက်ခြင်း (သို့မဟုတ်) ထွက်ခွာခြင်းတွင် CITES အဖွဲ့ဝင်နိုင်ငံများကို ခွင့်ပြုချက်ဖြင့် CITES စာရင်းဝင် မျိုးစိတ်များ၏ နိုင်ငံ တကာဆိုင်ရာ ရွေ့လျားမှုကို ထိန်းညှိပေးကြောင်း၊ CITES ခွင့်ပြုချက်များသည် CITES စာရင်းဝင်မျိုးစိတ်များကို ကုန်သွယ်ခြင်းတွင် တရားဝင်ဖြစ်စေရေး၊ ရေရှည်တည်တံ့စေရေးနှင့် ကုန်သွယ်မှုလမ်းကြောင်းကို ခြေရာခံနိုင်စေရေးအတွက် ဆောင်ရွက်မှုဖြစ်ပါသည်။
CITES စာရင်းဝင်မျိုးစိတ်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်း လုပ်ငန်းစဉ်များကို နိုင်ငံတကာစံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ CITES ခွင့်ပြုချက်သည် ကုန်တင်မှုတစ်ကြိမ်အတွက်သာဖြစ်ပြီး CITES ခွင့်ပြုချက်နံပါတ်တစ်ခုကို အကြိမ်ကြိမ် ပြန်လည်အသုံးပြုရန်အတွက် စာရွက်များ ထုတ်ခြင်း သို့မဟုတ် ပျောက်ဆုံး/ပျက်စီးသည့် CITES ခွင့်ပြု ချက်ကို ပြန်လည် ပုံနှိပ်ခြင်းတို့ကို ဆောင်ရွက်ခွင့်မရှိပါ။
ထိုသို့ဆောင်ရွက်သည့် လူပုဂ္ဂိုလ် သို့မဟုတ် လုပ်ငန်းနှင့် CITES ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်များ (တင်သွင်းခြင်းနှင့် တင်ပို့ခြင်း) အက်ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး ငွေဒဏ်နှင့် ထောင်ဒဏ် ကျခံရမည်ဖြစ်ပါသည်။ တရားဝင်ခွင့်ပြုချက်မရှိဘဲ CITES စာရင်းဝင်မျိုးစိတ်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ပြန်လည်တင်ပို့ခြင်း (သို့မဟုတ်) ဖြတ်သန်းသယ်ယူခြင်းတို့အတွက် ငွေဒဏ်နှင့် ထောင်ဒဏ် ကျခံရမည်ဖြစ်ပါသည်။ မူရင်း CITES ခွင့်ပြုချက်တွင် ပါဝင်ခြင်းမရှိသည့် ကုန်စည်များကို တင်ပို့ပါက အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် နှောင့်နှေးနိုင်ပြီး အဆိုပါကုန်စည်များကို သိမ်းဆည်းခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းခံရမည်ဖြစ်ပါသည်။
ရင်းမြစ်။ အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (National Parks Board)
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)